Sunday, September 5, 2010
အမေ့ရဲ. သင်ရိုးသို. ထုချေလွှာတင်သွင်းခြင်း
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။
အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .
ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .
ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .
ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .
နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .
နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
..........................................
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .
သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........
"ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့"
"ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ"
"တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . ."
ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .
အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။
အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .
မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .
သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .
ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .
" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .
အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .
ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .
ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။
Tuesday, July 27, 2010
ကဲ......ကျနော်တို. စဉ်းစားကြည်.ကြရအောင်ပါ....
ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂါတ်ဟာ နောင်မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာဘဲရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ဖြစ်ရပ် (၁)
ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။ သူ့မျက်နှာမှာ အပျော်ဖြင့် ၀င်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရ၀မ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ င့ါသား ... ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကို မြင်နေရပြီ။
အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွှန့်တို့ကို ခြေဖျားဖြင့် ခတ်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာ မအံ့သြနိုင်ဘဲ အိမ်ပေါ်သို့ တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ ... အမေရေ” ဟု အော်ခေါ်လာခဲ့၏။
အဖေသည် ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါ အပြေးကလေး ချဉ်းကပ်သွားလေသည်။
“အဖေ ... ကျွန်တော် စာမေးပွဲအောင်တယ်ဗျ သိလား”
“ဟင် ဟုတ်လား၊ တယ်တော်ပါလား၊ လာစမ်းပါဦးကွ”
အနီးသို့ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းခနဲ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲ ခံစားလိုက်ရပြီး မျက်စိထဲမှာ ၀င်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည် ရှေ့သို့ စိုက်ခနဲ ကျသွားလေသည်။
မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။
“အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ”
ကလေးငယ်သည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် မော့ကြည့်နေ၏။ နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။
“ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ”
ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဘီရိုပေါ်မှ ကြိမ်လုံးကို ဆွဲယူလိုက်သည်။
“မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း ... ပထမက ဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား”
အိမ်ခန်းထဲမှ ထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက် ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။
“ဟင်း ... သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင် စကားစပ်ပြီး ကြွားဦးမှာ၊ သူများကြွားတာ ခံရဦးမယ်။ တောက် ...”
“ကိုင်း ... လာခဲ့စမ်း၊ ဟိုဘက်လှည့်”
တင်ပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့် ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။
မေးခွန်း - ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက် ညံ့လာလျှင် ကလေးကြောင့်ပါလား ... မိဘကြောင့်ပါလား။
The Child is the father of the Man.
William Wordsworth
ဖြစ်ရပ် (၂)
“ဗြန်း ... ဗြန်း”
စားပွဲပေါ် ကြိမ်လုံးကျသံကြောင့် သူငယ်တန်း (ခ) ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ ငါးနှစ်အရွယ် ကလေးငယ်တို့သည် မျက်လုံးကလေးများ ၀ိုင်းကာ ဆရာမကို ကြည့်နေကြ၏။
“ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါ အိမ်မဟုတ်ဘူး။ ကျောင်း ... ကျောင်း”
မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။
“ကဲ အားလုံး 'ဏ' ကြီး တစ်မျက်နှာ ရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင် ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာ လုပ်ခဲ့ကြရမယ်။ ကြားကြလား၊ ကိုင်း ... ရေးကြတော့”
တစ်တန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ စာအုပ်တွေ ရှေ့မှာထားကာ ခုံတွေပေါ်မှာ ကလေးငယ်များ ငြိမ်ငြိမ်လေးတွေ ထိုင်နေကြသည်။ လက်ကလေးတွေက လွဲ၍ သူတို့ မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။
ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့် ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် 'ဏ' ကြီး အရေးမှားနေကြောင်း၊ တွေ့လိုက်ရ၏။ သူက စည်သူအောင်ကို တိုးတိုးလေး ခေါ်လိုက်သည်။
“စည်သူအောင် စည်သူအောင် နင်ရေးတာ မှားနေတယ်။ ကကြီး ဖြစ်နေတယ်”
စည်သူအောင်က တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံ ရသည်။
“ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ”
မေမီစိုးက သူ့စာအုပ် ထောင်ပြလိုက်သည်။
“မေမီစိုး”
ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲက စာအုပ် လွတ်ကျသွားလေသည်။
“ဘာဖြစ်လို့ စကားပြောရတာလဲ၊ အခုချက်ချင်း၊ ခုံပေါ်မှာ ဒူးထောက်စမ်း၊ ဒူးထောက်ပြီး ရေး၊ နောက်တစ်ခါ လှုပ်ဝံ့ လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာ မိသွားမယ်”
မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး တုန်နေသည်။ ဒူးနှစ်ဖက်၏ အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ်လေးလား မသိ၊ ဖိမိလျက်သား ဖြစ်နေသည်။ သို့သော် သူနေရာ မရွှေ့ရဲ၊ မလှုပ်ရဲ၊ သည်အတိုင်း ပေ၍ စာရေးရ၏။ ကြာသော် ဖိမိထားသည့် နေရာက တစ်စတစ်စ နာကျင်၍လာသည်။ နဖူးမှာ ချွေးတွေ စို့လာ၏။ အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက်နေရသည့်အဖြစ်။ ဒူးအောက်က ပြင်းထန်လာသည့် ဝေဒနာ၊ အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်၊ နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။
သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။
“အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော် အငိုဝါသနာပါတယ်နဲ့ တူတယ်၊ ထွက်ခဲ့စမ်း ရှေ့ကို”
ကြိမ်လုံးသံ ဗြန်းခနဲအောက်၌ သူငယ်တန်း (ခ) သည် တုန်လှုပ်သွားလေသည်။
မေးခွန်း - အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာ နားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအား ရိုင်းပင်းကူညီစိတ်ကို ပျိုးထောင် မပေးသင့်ဘူးလား။
လူတွေဟာ ချယ်ရီသီးနဲ့ စတော်ဘယ်ရီသီးလေးတွေ ဘယ်လိုအရသာ ရှိတယ်ဆိုတာ သိအောင်ကလေးတွေ နဲ့ ငှက်ကလေးတွေကို မေးရမယ်။
Johann Wolfgang von Goethe
ဖြစ်ရပ် (၃)
“ကဲဟယ်”
ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးသည် မျက်ရည်လည်လာ၏။ မိခင်၏ အားမလို အားမရ ဖြစ်မှု၊ စိတ်မရှည်မှုတို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
“ဒီလောက်လေးမှ မတွက်တတ်ဘူးလား ... ဟင်။ ထောင်စမ်း၊ ညာဘက်လက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ ... လေးချောင်း ထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း၊ လေးချောင်း၊ ဟောဒီလို လေးချောင်း”
ကလေးမှာ အယောင်ယောင် အမှားမှား ဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။
“ဟုတ်ပြီ ကဲ ... ပေါင်းတော့၊ လေးနဲ့ သုံးပေါင်း၊ ဟဲ့ ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ”
“တစ် ... နှစ် ... သုံး ... ငါး ... ခြောက်”
“ ဘာ သုံး ပြီးရင် ဘာလဲ။ ဟဲ့ ... သုံး ပြီးတော့ ဘာ ... လဲ ... ဟား တစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးလားဟင်။ အဖျင်း၊ အ.အ၊ အတုံး၊ နင် တော်တော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ်တို့ဆို အပေါင်းအနှုတ်တောင် ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲ သိတဲ့ကောင်။ သွား ... လက်ပိုက်ပြီး တစ်နာရီတိတိ ရပ်နေ၊ သွား ... ငါမဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ် မကြံနဲ့ တိုင်မှာ ကြိုးနဲ့ တုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင်း ဆော့ရလိမ့်မယ် မထင်နဲ့”
ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ် ဖြစ်ပါသည်။
မေးခွန်း - မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူ ပြောလျှင် သင် လက်ခံပါမည်လား။
ကလေးငယ်တစ်ယောက်ဟာ
ပညာရှိတစ်ယောက် မဖြေနိုင်လောက်တဲ့ မေးခွန်းတွေ မေးတတ်ကြပ်ါတယ်။
အမည်မသိ
(၁)
“သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါ” တဲ့။
ဘယ်သောကာလတုန်းက စတင် ပေါ်ပေါက်ခဲ့တဲ့ အဆိုအမိန့်လည်း မသိပါဘူး။ ကြည့်ရတာ ကျွန်တော်တို့ရဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းအပေါ် သြဇာကြီးခဲ့ပုံ ပေါ်တဲ့ ရှေးမြန်မာကြီး တစ်ယောက်ယောက်ရဲ့ အယူအဆ ဖြစ်မှာပါပဲ။ ဒီစကားကို ကျွန်တော် ငယ်ငယ်တုန်းက အဘိုးအဘွားတွေ ပြောကြဆိုကြတာ ကြားခဲ့ရဖူးပါတယ်။ တော်တော် ကြောက်စရာကောင်းတဲ့ သဘောထားပါ။ ကလေးတွေဟာ သူတို့ကို မိဘတွေက ချစ်မှန်းသိရင် ကဲတတ်တယ်၊ ရောင့်တတ်တယ်၊ ဆိုဆုံးမဖို့ မလွယ်တော့ဘူး။ ကြာရင် ပျက်စီးသွားမှာပဲလို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့်လည်း ကလေးဆိုတာ နှိမ်ထားမှ၊ ကြောက်အောင်လုပ်ထားမှ တန်ကာကျမယ်၊ နို့မဟုတ်ရင် “ငယ်သော်ကား သား၊ ကြီးသော် ကျားတည့်၊ ငယ်သော် သမီး၊ ကြီးသော် မီးတည့်” ဖြစ်သွားလိမ့်မယ်လို့ ယူဆလိုက်ကြတာပေါ့။ အဲဒီ ရှေးဟောင်း အယူဟာ အခုအချိန်အထိ အရှိန်မကုန်သေးပါဘူး။
“အိမ်က သားက သုံးနှစ်ရှိပြီ။ သိပ်ဆိုးတာပဲ၊ အဖေလည်း မကြောက်၊ အမေလည်း မကြောက်ဘူး။ အိမ်ဘေးက ဦးရာဂျူးဆိုတဲ့ ကုလားကြီးကိုတော့ ကြောက်တယ်၊ သူဆိုးပြီ ငိုပြီဆိုရင် “ဦးရာဂျူးရေ” လို့သာ အော်ခေါ်လိုက် တစ်ခါတည်း ငြိမ်ပြီး တိတ်သွားတော့တာပဲ။ ကလေးဆိုတာ သူကြောက်ရမယ့် လူတစ်ယောက်တော့ ရှိမှရှင့်” လို့ မိခင်တစ်ယောက်က ပြောပါတယ်။ သူ့ခမျာ သူ့သားကလေးမှာ အကြောက်တရား ရှိတာကို ဂုဏ်ယူနေပုံပါပဲ။ သူ့စကား ကြားရတဲ့အခါ ကျွန်တော် ငယ်ငယ်တုန်းက ကြောက်အောင် အလုပ်ခံရပုံကို သတိရမိသေးတော့။ ကျွန်တော် ငိုကြောရှည်နေတဲ့အခါ ကျွန်တော့်ကို ထိန်းတဲ့ အဒေါ်ကြီးက “ဟာလ၀ါကြီး လာနေပြီ၊ လာနေပြီ” ဆိုလိုက်ရင် ချက်ချင်း အငိုတိတ်ရတော့တာ၊ ဟာလ၀ါဆိုတာ ဘာမှန်း မသိဘဲနဲ့ ကြောက်လိုက်ရတာလေ။ နောင် ကြီးလာမှ ဟာလ၀ါဆိုတာ အတော်စားလို့ကောင်းတဲ့ မုန့်တစ်မျိုးမှန်း သိရတော့တာ။
သားသမီးကို အိပ်ပျော်နေမှ နမ်းရဲကြရှာတဲ့ မိဘမျိုးကို ငယ်ငယ်တုန်းက တွေ့ဖူး မြင်ဖူးပါတယ်။ သူတို့ခမျာ သားသမီးတွေ ရှေ့မှာ မျက်နှာကို တည်တည်ကြီး လုပ်ထားကြရရှာပါတယ်။ လေသံကိုလည်း တင်းတင်းမာမာ ဖြစ်အောင် အားစိုက်ပြီး ပြောကြရရှာပါတယ်။ ရိုက်နှက်အပြစ်ပေးဖို့ လိုလာပြီ ထင်ရင်လည်း လက်မနှေးအောင် ကြိုးစားကြရရှာပါတယ်။ ရင်ထဲက တကယ်ဖြစ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာပုံရပိတွေ မပေါ်အောင် ဖိနှိပ်ချုပ်တည်းထားရတာ၊ အတွင်းစိတ် ခံစားမှုကို ဆန့်ကျင်ပြီး သရုပ်ဆောင်ပြနေရတာတွေဟာ အတော်တော့ ပင်ပန်းကြရှာမှာပါ။ ဘာဖြစ်လို့ သူတို့ အဲဒီလို ဖြစ်နေကြရတာလဲ။
“မှားယွင်းတဲ့ အယူအဆကို လက်ခံ ယုံကြည်ထားလို့ပါ။ ပြီးတော့ ကလေးရဲ့ သဘာဝကို နားမလည်ကြလို့ပါ။ ပြီးတော့ တန်ဖိုးထားမှုတွေ လွဲနေလို့ပါ” လို့ စိတ်ပညာ ဆရာတစ်ဦးက ဆိုပါတယ်။
ကျွန်တော်ဟာ ဒီအမှောင်ကမ္ဘာထဲကို ကလေးငယ်တွေကိုခေါ်လာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအမှောင်ကမ္ဘာ လိုအပ်နေတဲ့ အလင်းကို ကလေးငယ်တစ်ယောက် ကသာ ဆောင်ကြဉ်းနိုင်မှာ မို့လို့ပါဘဲ။
Liz Armbruster
(၂)
ကြောက်အောင်လုပ်တာ ကောင်းပါသလား
လောကမှာ ကြောက်စရာအကောင်းဆုံးက အကြောက်တရားပဲတဲ့။ ကလေးတွေရဲ့ အကြောက်တရားကိစ္စ အရေးကြီးပါတယ်။
နိုင်ငံတိုင်းရဲ့အဖိုးအထိုက်တန်
သစ်တော မဟုတ်ပါဘူး။တွင်းထွက် မဟုတ်ပါဘူး။
ကလေးတွေပါ။
နိုင်ငံတိုင်းမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေဟာ ကလေးတွေပါ။
သူတို့အပေါ် တန်ဖိုးထားမှု အနည်းအများဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု စံချိန်စံညွှန်း ဂရပ်မျဉ်း အနိမ့်အမြင့်ကို ဖြစ်စေပါတယ်။ သူတို့ကို အခွင့်အရေး အပြည့်အ၀ ပေးခြင်းဟာ အကောင်းဆုံး အနာဂတ် ရင်းနှီးမြှုပ်နှံမှုပါပဲ။
အဲသလောက် အရေးတကြီး တန်ဖိုးရှိတဲ့ ကလေးတွေရဲ့ ရင်ထဲကို ကြောက်စိတ်သွင်းပေးလိုက်တာဟြာ
နေ့စဉ်ဘ၀ရဲ့ စိန်ခေါ်ချက်တွေကို ကျွန်တော်တို့ တုန့်ပြန် ပြုမူပုံတွေဟာ ကလေးသူငယ်ဘ၀က ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေရဲ့ လွှမ်းမိုးမှု မကင်းတတ်ပါဘူး။ ဒီလို ဆိုလိုက်တာနဲ့ ကျွန်တော်တို့ဟာ မျိုးရိုးဗီဇနဲ့ အစဦး ပတ်ဝန်းကျင်ရဲ့ သားကောင်လုံးလုံး ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘ၀တစ်လျှောက်လုံးမှာ စောစောပိုင်း နှစ်ကာလတွေရဲ့ သြဇာဟာ အနည်းနဲ့အများ ကျွန်တော်တို့အပေါ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။
ကလေးတွေနဲ့ လူကြီးတွေဟာ တစ်ခုတည်းသော ကမ္ဘာမှာ နေထိုင်ကြတာလို့ ကျွန်တော်တို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ ကလေးဟာ သူ့ကမ္ဘာလေးနဲ့သူ သီးခြားနေနေတာပါ။ ကလေးအတွက် ဒီလောကကြီးဟာ အသစ်စက်စက်ပါ။ အရာရာဟာ စိတ်ဝင်စားစရာပါ။ သူတို့ဟာ ကလေးကမ္ဘာမှာ အံ့သြမှု၊ ထိတ်လန့်မှုတွေနဲ့ သီးခြားနေကြတဲ့ ကလေးတွေသာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး လူကြီးကမ္ဘာထဲကို သူတို့ဘာသာ သူတို့ တဖြည်းဖြည်းနဲ့ မှန်မှန်ကန်ကန် တိုးထွက်လာနိုင်ဖို့ လက်ဦးဆရာတွေ အရေးကြီးလှပါတယ်။
“မိဘတွေက ကိုယ် ဖြစ်စေချင်တာတွေကို အကြောက်တရားနဲ့ ဇွတ် အဓမ္မ ပုံသွင်းပေးနေကြရင်တော့ ကလေးတွေဟာ စိတ်ကျန်းမာ ရင့်ကျက်တဲ့၊ လူမှုရေး သိနားလည်တဲ့၊ စိတ်သတ္တိနဲ့ ပြည့်ဝတဲ့၊ နေ့စဉ် ဘ၀မှာ ကိုယ့်ကိုယ်ကို ယုံကြည်ပိုင်နိုင်တဲ့ လူကြီးတွေ ဖြစ်လာဖို့ ခက်ပါတယ်။ မေတ္တာဓာတ်လွှမ်းခြုံပြီး နားလည်မှုရှိတဲ့၊ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့်ရဖို့ လိုပါတယ်” လို့ စိတ်ရောဂါကု ပါရဂူ ဒေါက်တာ ရောဘတ်ရှီးက “ကလေး၏ ပထမ ငါးနှစ်” ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ပါတယ်။
ကြီးမြတ်တဲ့ ပုဂိုလ်ဆိုတာ သူ့ရဲ့ကလေးဘဝ နှလုံးသား မဆုံးရှုံးသေးတဲ့သူဖြစ်တယ်။
Mencius, Book IV
စာရေးဆရာမကြီး ကြည်အေးရဲ့ “မေတ္တာမီးအိမ်” ၀တ္ထုမှာလည်း ဒီသဘောတွေ တွေ့ရပါတယ်။ အတ္တကြီးလွန်းလှတဲ့ ဖခင်တစ်ယောက်ရဲ့ စရိုက်အဖွဲ့ဟာ ကျောစိမ့်စရာပါ။ သမီးကလေး လူမှန်းသိစ အရွယ်မှာပဲ မိခင်ဖြစ်သူက လင်ယောက်ျားရဲ့ဒဏ် မခံနိုင်တော့တဲ့အတွက် ထွက်ပြေးသွားတဲ့အခါ ဖခင်ရဲ့ နာကျင်မှုနဲ့ အချစ်ဟာ သမီးလေး “အဖြူ” အပေါ် ပုံပြီး ကျရောက်လာခဲ့တယ်။ အချစ်ကြီးသလောက် ရက်စက်ကြမ်းတမ်းစွာ ဖိနှိပ် ဆက်ဆံခဲ့တဲ့ ဖခင်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေ၊ အပြစ်ပေးမှုတွေ အောက်မှာ ကြီးပြင်းလာရတဲ့ အဖြူဟာ စိတ်ဝေဒနာသည် တစ်ယောက် ဖြစ်လာခဲ့ရတယ်။ အဖြူရဲ့ မသိစိတ်က ဖခင်ကို သေစေချင်နေတယ်။ ဖခင်သေပြီး ငရဲခံနေရတယ်လို့ အိပ်မက်မက်ပြီးတိုင်း အဖြူဟာ စိတ်ရောဂါဆေးရုံကို ရောက်ရောက် သွားရတာပါပဲ။ အသက် သုံးဆယ်နီးပါး ရောက်တဲ့အထိ အိမ်နဲ့ ဆေးရုံ လွန်းပြန်သွားနေခဲ့ရတယ်။ ဒါပေမယ့် ခေါင်းမာလှတဲ့ ဖခင်ကတော့ သူ့စရိုက်ကို မပြောင်းလဲခဲ့ပါဘူး။ “ကျုပ်သမီးကို ကျုပ်လောက် ဘယ်သူမှ မချစ်နိုင်ဘူး” လို့ သူက နာကျင်စွာ ပေါက်ကွဲပါတယ်။ နောက်တော့ ချစ်သူ ဆရာဝန်ရဲ့ အားပေးကူညီမှုနဲ့ အဖြူဟာ သူ့ကိုယ်သူ တွေ့ရှိအောင် လုပ်ခဲ့ရပါတယ်။ အမှန်ကို ရင်ဆိုင်ရဲအောင် အားထုတ်ခဲ့ရပါတယ်။ စိတ်ဓာတ်ရေးရာအားဖြင့် ဖခင်ကို မှီခိုနေရတဲ့ အဖြစ်က လွတ်မြောက်အောင် ကြိုးစားခဲ့ရပါတယ်။ အဲဒီလိုနဲ့ အဖြူဟာ သူဘယ်သူပဲလို့ ပီသလာအောင် ကိုယ့်ကိုယ်ကို ပြန်လည် တည်ဆောက်ယူရတဲ့ အကြောင်း ဒေါ်ကြည်အေးက သူရဲ့ အံ့သြနှစ်သက်ဖွယ် စကားပြေအတတ်နဲ့ ရေးဖွဲ့ထားလိုက်တာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အဖြူလို့ ထင်မြင်လိုက်ရတဲ့ အထိပါပဲ။
ကိုယ်ပြောတဲ့အတိုင်း ကလေးတွေက နားထောင်လိုက်နာတာကို မိဘနဲ့ ဆရာတွေက သဘောကျပါတယ်။ ဒါကို တန်ဖိုးလို့ မြင်ပါတယ်။ မှန်ပါတယ်။ ချစ်ခင်စိတ်ကို အကြောင်းခံတာဆိုရင် ဒါဟာ တန်ဖိုးပါ။ ဒါပေမယ့် ကြောက်ရွံ့စိတ်ကို အကြောင်းခံတာဆိုရင်တော့ ဒါဟာ စဉ်းစားစရာ ကိစ္စပါ။ တစ်ခါတစ်ရံမှာ အသက် နှစ်နှစ်နဲ့ ငါးနှစ်ကြားအရွယ် ကလေးငယ်တွေဟာ လူကြီး ပြောတာကို နားမထောင်တတ်ကြပါဘူး။ ဒါဟာ သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရွယ်ပိုင်းမှာ ကလေးငယ်ဟာ သူ့ကိုယ်သူ ယုံကြည်စိတ်၊ သူကိုယ်တိုင် စူးစမ်း လုပ်ကိုင်ကြည့်ချင်စိတ်တွေ တိုးပွားလို့ပါပဲ။ တစ်ခါတစ်ခါမှာတော့ လူကြီးတွေက သူ့ကို ဂရုစိုက် စိတ်ဝင်စားမှု ပြတာကို လိုချင်လို့ တမင် နားမထောင်တာလည်း ရှိတတ်ပါတယ်။ လူကြီးတွေ အဖို့မှာတော့ အောင့်သက်သက် ဖြစ်ရတာပေါ့။ “ဒါပေမယ့် ကလေးတွေမှာ ဒီသဘာဝ ရှိတယ်ဆိုတာ သိထားရင် သူတို့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်နိုင်ပါတယ်” လို့ ဒေါက်တာရောဘတ်ရှီးက ရှင်းပြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ လူကြီးတွေကတော့ နားလည်ဖို့ မကြိုးစားကြတာ များပါတယ်။ တစ်ကြိမ်နှစ်ကြိမ် ပြောလို့ နားမထောင်ဘူးဆိုရင် ကြိမ်လုံးဆီ မျက်စိရောက်တော့တာပါ။ “ဒီလောက် ခေါင်းမာလှတဲ့ ကလေး။ လာခဲ့စမ်း၊ နင့်အကျင့်ကို ချွတ်ရမယ်” ဆိုပြီး ကြိမ်ကို ၀င်တော့တာပါ။ ကိုယ့်ရဲ့ဒေါသကို ရိုက်နှက်ခြင်းနဲ့ ဖြေဖျောက်ဖို့သာ အာရုံထားကြတာမို့ ကလေးရဲ့ ခံစားမှုကိုတော့ ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ်ပြောတာကို ကလေး နားလည်အောင် လုပ်ချင်လာအောင် အားမထုတ်တော့ဘဲ ဆူပူဟိန်းဟောက်လို့ပဲ ဖြစ်ဖြစ်၊ ကြိမ်လုံး ကိုင်လိုက်လို့ပဲ ဖြစ်ဖြစ် အလွယ်တကူ ဖြေရှင်းပစ်တတ်ကြပါတယ်။ ဒီနည်းက လွယ်တယ်လေ။ ပညာမလိုဘူး။ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးစရာ မလိုဘူး။ ဒါမလုပ်နဲ့ လုပ်ရင် ရိုက်မယ်။
ကလေးတွေ သိပ်ဆော့ရင်လည်း လူကြီးက မကြိုက်ပါဘူး။ အပူအပင်မရှိ ဆော့ခဲ့ရ၊ ပျော်ခဲ့ရတဲ့ ကလေးဘ၀ကို သူတို့ကိုယ်တိုင် မေ့လျော့သွားခဲ့လို့လား မသိဘူး။ ကလေးတွေ ဆူညံအော်ဟစ်မယ်၊ တဒုန်းဒုန်းနဲ့ ပြေးလွှားခုန်ပေါက်မယ်ဆိုရင် သူတို့က ခြောက်လှန့် ငေါက်ငမ်းကြပါတယ်။ ငေါက်လို့မရရင် ရိုက်ပါတယ်။ ဒါပေမယ့် သုတေသီတွေကတော့ ဆော့ကစားတာဟာ ကလေးအတွက် အရေးကြီးတယ်လို့ ပြောကြပါတယ်။ လူကြီးတွေပြောတဲ့ ဆော့တယ်ဆိုတာ အမှန်တော့ ကလေးတွေ အလုပ်လုပ်နေတာပါ။ သူတို့ သင်ယူနေတာပါ။ ကလေးတွေ မီးခြစ်ကိုင်မယ်၊ ကတ်ကြေးကိုင်မယ်၊ ဓားကိုင်မယ်ဆိုရင် “ ဟဲ့ ... ဟဲ့ ... မကိုင်နဲ့ လောင်သွားလိမ့်မယ်၊ ရှသွားလိမ့်မယ်” ဆိုပြီး အလန့်တကြား အော်ဟစ်ဟန့်တားလိုက်ရင် ကလေးဟာ ဒီပစ္စည်းတွေအပေါ် ကြောက်စိတ်ဝင်ပြီး မထိရဲ၊ မကိုင်ရဲ ဖြစ်သွားတတ်ပါတယ်။ ကလေးကို ကြောက်အောင်လုပ်မဲ့အစား “ဒါကို ဒီလို လုပ်ရတယ်၊ ဓားမရှအောင် ဒီလို ကိုင်ရတာ” လို့ သင်ပြပြီး အကျိုးနဲ့ အပြစ်ကို ရှင်းလင်းပြမယ်ဆိုရင် ကလေးဟာ အသစ်တစ်ခုကို တတ်မြောက် သိရှိပြီဆိုပြီး ရဲဝံ့အားတက်သွားမှာပါ။
ကလေးငယ်တွေဟာ ဂီတမပါဘဲ ကပြနိုင်သူတွေဖြစ်ပါတယ်။
William Stafford
ကစားခြင်းဟာ ကလေးအတွက် သင်ယူနေခြင်းပါပဲ။
ဒါပေမယ့် ကျောင်းမှာ ကလေးငယ်တွေဟာ စာအုပ်ရှေ့မှာ၊ ခုံနောက်မှာ အချိန်အကြာကြီး ငြိမ်ငြိမ်လေး ထိုင်နေတာကို တန်ဖိုးလို့ ဆရာတွေက ယူဆကြပါတယ်။ အတန်းကြီးတဲ့ ကျောင်းသားတွေအဖို့တော့ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် အတန်းငယ်တဲ့ ကလေးတွေအဖို့တော့ မသင့်တော်ဘူးလို့ ပညာရှင်တွေက ပြောလာကြပါပြီ။
“အသက်ငါးနှစ်နဲ့ ရှစ်နှစ်ကလေးတွေကို အတန်းကြီးတွေ သင်သလို သင်ဖို့ မကောင်းပါဘူး။ သူတို့ကို တစ်မျိုးသင်ရပါတယ်။ စာသင်ခန်းထဲမှာ လှုပ်ရှားသွားလာနေရတာထက် ငြိမ်ငြိမ်လေးထိုင်ပြီး ဆရာ ပြောသမျှ နားထောင်နေရတာက ကလေးငယ်တွေအဖို့ ပိုပြီး ငြီးငွေ့ပင်ပန်းစေပါတယ်။ ကလေးတွေရဲ့ သဘာဝက တစ်နေရာတည်းမှာ ငြိမ်ပြီး အကြာကြီး မထိုင်နိုင်ပါဘူး” လို့ သင်ကြားမှု ပညာရှင်တစ်ဦးက ဆိုပါတယ်။ ပညာရေးသမား တစ်ယောက်ကတော့ ဒီလိုတောင် ဆိုပါရဲ့။ “ကလေးလေးတွေကို စာအုပ်တွေ၊ ခုံတွေ ကြားမှာ တစ်နေ့လုံး ထိုင်ခိုင်းထားရမယ်ဆိုတာ အတော်ကြောက်စရာကောင်းတဲ့ အတွေးအမြင်ပဲ” တဲ့။
တိုးတက်ဖွံ့ဖြိုးတဲ့ နေရာတွေက သူငယ်တန်း စာသင်ခန်းတွေကို ကြည့်ရင် ကလေးတွေဟာ ဆရာ၊ ဆရာမနဲ့အတူ ကစားကြ၊ ပုံပြောကြ လုပ်နေတာကို မြင်ရပါလိမ့်မယ်။ ကျောင်းဆိုတာ စာတွေသင်တဲ့ နေရာလို့ အစွဲရှိထားသူတွေ အဖို့တော့ အံ့အားတသင့်နဲ့ ဘ၀င်မကျ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စာသင်ခန်းဆိုတာ ထိုင်နေကြတဲ့ ကျောင်းသားတွေရှေ့မှာ ဆရာက ရပ်ပြီး စာသင်နေတာ၊ စာသင်သံနဲ့ စာအံသံမှ တစ်ပါး အခြားအသံ မရှိသင့်တဲ့နေရာလို့ ထင်မြင်သူတွေကတော့ “အမယ်လေး ပျက်စီးကုန်ပါပြီ” လို့ အော်ကောင်း အော်ပါလိမ့်မယ်။
မှန်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကျောင်းဆိုတာ အတန်းကြီးငယ်မရွေး စာတွေသင်တဲ့နေရာ ဖြစ်ခဲ့ပါတယ်။ ဆရာကို ကြိမ်လုံးနဲ့ တွဲပြီး မြင်လေ့ရှိခဲ့ပါတယ်။ သူငယ်တန်းမှာတောင် ဆရာက စာသင်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရင် မကြိုက်ပါဘူး။ မြင်ရင် ကြားရင် အပြစ်ပေးပါတယ်။ အပြစ်ပေးခံရမှာ ကြောက်တာနဲ့ ဒီအရွယ် ကလေးငယ်တွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ မိတ်ဆွေဖွဲ့ခြင်း၊ အတူပူးပေါင်း ဆောင်ရွက်ခြင်း တွေ ပျောက်ပျက်ရပါတယ်။ အမှန်မှာတော့ အပေါင်းအသင်း ဖွဲ့ခြင်းဆိုတဲ့ “အ” တစ်လုံးဟာ “အရေး၊ အဖတ်၊ အတွက်” ဆိုတဲ့ “အ” သုံးလုံးထက် ဒီအရွယ်မှာ ပိုပြီး အဓိကကျတယ်ဆိုတာ ကျွန်တော်တို့ ခေတ်တုန်းက မသိခဲ့ကြဘူးလေ။ မသိတော့ ကလေးတွေ အရိုက်ခံရတာပေါ့။ ကလေးတွေ ကြောက်စိတ်ဝင်တော့တာပေါ့။ အစပိုင်းမှာ ပြောခဲ့တဲ့ ဖြစ်ရပ် (၂)ကို ပြန်ကြည့်ရင် အတန်းငယ် ကလေးလေးတွေကို အတန်းကြီး ကလေးတွေနဲ့ တသဘောတည်း မြင်တာကြောင့် စာသင်ခန်းတွင်း ပူးပေါင်းလုပ်ဆောင်ခြင်း၊ အပြန်အလှန် ကူညီခြင်း စိတ်ဓာတ်တွေ ထိခိုက်သွားနိုင်တာ တွေ့ရပါတယ်။ လိုလားအပ်တဲ့ ဒီစိတ်ဓာတ်တွေအစား မလိုလားအပ်တဲ့ ကြောက်စိတ်တွေ ၀င်သွားရခြင်းသာ အဖတ်တင်ရပါတယ်။
ပြီးတော့ ကလေးငယ်လေးတွေကို စာတွေ အများကြီးသင်တဲ့ ကိစ္စ။ ဒါဟာ မကောင်းဘူးဆိုတဲ့ အမြင် ကျွန်တော်တို့ဆီမှာ ရှိပြီးသားပါ။ ဒါပေမယ့် လက်တွေ့မှာတော့ မိဘတွေရဲ့ မျှော်လင့်ချက်က ကိုယ့်ကလေး စာမြန်မြန်တတ်စေချင်တယ်။ စာတော်စေချင်တယ်၊ ဖြစ်နိုင်ရင် အတော်ဆုံး ဖြစ်စေချင်တယ်။ ပြိုင်ဆိုင်ချင်တယ်။ ဒီတော့ ပြင်ပ မူကြိုကျောင်းတွေက မိဘတွေအကြိုက် စာတွေ သင်ပေးကြပါရော။ အဲဒီလို မိဘနဲ့ ဆရာရဲ့ ဖိအားတွေအောက်မှာ ကလေးငယ်ခမျာ မနိုင်ဝန်ထမ်းရတော့တာပဲ။
“ငါးနှစ်အရွယ် ကလေးငယ်ဟာ စာဖတ်တတ်ဖို့ မလိုသေးဘူး” လို့ ပညာရှင်တွေ သတိပေးကြပေမယ့် ကလေးဟာ ကြိမ်တို့ပြီး အမောင်းခံနေရရှာတယ်။ ဒီအခြေအနေမှာ ကျောင်းဆိုတာ သူ့အတွက် ငရဲခန်းလို့ ခံစားသွားနိုင်ပါတယ်။ ကျောင်းကို ကြောက်သွားနိုင်ပါတယ်။ ပညာသင်တယ်ဆိုတာ ပျော်စရာ ဖြစ်မလာဘဲ နှိပ်စက်ညှင်းပန်းခြင်းလို့ ခံစားသွားမယ်ဆိုရင် ပညာကို မုန်းသွားနိုင်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို မုန်းသွားနိုင်တယ်။ လူတွေကို မုန်းသွားနိုင်တယ်။ ဒါ အန္တရာယ်သိပ်ကြီးတဲ့ ကိစ္စပါ။
“သူငယ်တန်းက ကလေးတစ်ယောက်ကို 'က' ကြီး နှစ်မျက်နှာရေးဖို့ အိမ်စာပေးလိုက်တဲ့ အဓိပ္ပာယ်က ဘာလဲ။ အဓိပ္ပာယ် အမှန်က သူ့လက်ချောင်းကလေးတွေကို နိုင်နိုင်နင်းနင်း ဖြစ်လာအောင် လေ့ကျင့်တာက အဓိက ရည်ရွယ်ချက်ပါ။ ကကြီးဆိုတာ ဘာအဓိပ္ပာယ်မှန်းလဲ မသိဘဲနဲ့ အလုံး (၁၀၀) ရေးပြီးဖို့က အဓိက မဟုတ်ပါဘူး။ ဒါပေမယ့် အခုဟာက မိဘတွေရော တချို့ဆရာတွေရော အဓိပ္ပာယ်ကောက်ပုံ လွဲနေကြတယ်” လို့ ပညာရေး သုတေသနဌာနက ပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။ အဲဒီလို နားလည်ပုံ လွဲတဲ့အတွက် အိမ်စာလုပ်ဖို့ ကြောက်နေရှာတဲ့ ကလေးငယ်ဟာ အရိုက်သော်လည်းကောင်း၊ ငတုံး၊ ငအ၊ ငဖျင်း စသည်ဖြင့် ဖိနှိပ် မာန်မဲမှုသော်လည်းကောင်း ခံရပါတယ်။
“အမှန်တော့ ကလေးတွေက ပြဿနာ မဟုတ်ဘူးဗျ။ တကယ့် ပြဿနာက လူကြီးတွေ” လို့ စိတ်ပညာ ဆရာတစ်ဦးက ရယ်မောပါတယ်။
ကလေးတွေကို ဘာဖြစ်လို့ ကြောက်အောင် လုပ်တတ်ကြသလဲဆိုတော့ လူကြီးတွေ ကိုယ်နှိုက်က ကြောက်အောင် အလုပ်ခံခဲ့ကြရလို့ပါ။ သူတို့ကိုယ်နှိုက်မှာကိုက ကြောက်စိတ်တွေ ရှိနေလို့ပါ။ သူတို့ကိုယ်တိုင်မှာလည်း ဘ၀ဆိုတာကြီးရဲ့ ကြိမ်လုံးနဲ့ အရိုက်ကို ခံနေရတာကိုး၊ လောကမှာ စွမ်းအင်မဲ့လေလေ ဘ၀ရဲ့ အရိုက်ကို ပိုခံရလေလေလို့ စွဲမှတ်ယုံကြည်လာကြတဲ့အခါ ကိုယ့်မျိုးဆက်ကို စွမ်းအင်တွေ ပြည့်စေချင်စိတ်နဲ့ အဓမ္မ ကြိုးစားကြတော့ပါပဲ။ ဒီလိုဆိုပြန်တော့ အမှန်တကယ် သနားစရာ ကောင်းနေတာက လူကြီးတွေ ဖြစ်နေပါရောလားဗျ။
ကလေးတွေဟာ လူဦးရေရဲ့ သုံးပုံတစ်ပုံရှိပြီး ကျွန်ုပ်တို့အာလုံးရဲ့ အနာဂါတ်တွေပါ။
Select Panel for the Promotion of Child Health, 1981
(၃)
ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်း ကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။
မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား” ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီး တစ်ပြား လာပြီးလှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်က လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်း စုံစမ်းလို့မရဘဲ ဗျာများနေခိုက် “ဟဲ့ ... ငလွင် မရသေးဘူးလား” လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ “ငလွင် ... လာခဲ့” လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့်အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန်လန့်ဖြတ် ၀င်သွားပါသတဲ့။ “ဟဲ့ ... ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွှတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ် ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင် ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ” လို့ မေးပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို အဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက “စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား” လို့ အဓိပ္ပာယ်မျိုး ပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။
“ဒါ မင်းအဖြေလား”
“ဟုတ်ပါတယ် ဆရာ”
“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”
နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူမကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယ ဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ် ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသတဏှာဖြင့် ဆွမ်းဘုဉ်းမပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ၊ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မယ်လို့ ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။ တစ်တန်းလုံးကတော့ တခိခိနဲ့ ရယ်ကြတယ်။ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။
ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။
“ မင်း ငါ့ကို နောက်တာလား”
“ဟာ ... မဟုတ်ဘူး ဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ”
“ကဲ ... အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ ... မင်းကစ၊ သူဖြေတာ မှန်သလား မှားသလား”
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော်စိတ်ထဲမှာတော့ အဲဒီ ကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုပဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။
“ဟေ့ကောင် ဖြေလေကွာ”
ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ အငွေ့အသက်တွေက “မှားတယ်လို့ ဖြေစမ်း။ မဖြေရင် ကြိမ်လုံး”လို့ ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီ ကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။
“သူဖြေတာ မှားပါတယ်”
“ဟုတ်ပြီ၊ နောက်တစ်ယောက်”
“မှား ... အဲ ... မှားပါတယ်”
“နောက်တစ်ယောက်”
“မှားပါတယ်”
တစ်ယောက်ပြီး တစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။
“မှားပါတယ်”
အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးက အဲဒီလိုပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။
အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ အဲဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ ဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။
ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ ...။ ခက်ထန်တဲ့ အမူအရာတွေ။
ဝဲခနဲ ... ၀ဲခနဲ
တင်းခနဲ ... တင်းခနဲ
ရွှမ်းခနဲ ... ရွှမ်းခနဲ
အမေရေ ... ကျွန်တော်ကြောက်လှချည့်။
ကလေးတွေမှာ အတိတ်လည်းမရှိဘူး၊ အနာဂါတ်လည်းမရှိဘူး။
သူတို့လေးတွေဟာ ပစ္စုပ္ပုန်တည့်တည့်မှာ နှစ်ခြိုက်နေသူတွေပါ။
Jean de la Bruyere
Wednesday, June 23, 2010
အမေ့ဆီသို. အိတ်ဖွင့်ပေးစာ
‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။
အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။
‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’
အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။ ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။ နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။
သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက် လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့ သူဆိုတာ အမေမသိပါဘူးလေ။
တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည် ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။
တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။ အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့ လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။
အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။
ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။ အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော် မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။
‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။
ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။
ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ ကြွားလိုက်စမ်းပါ။
အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…....
Friday, June 4, 2010
ဖိုးကျော် ပုံ ပြော မယ်
သူဋ္ဌေးကြီး ကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ..... ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....
ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.
သာယာလှပလွန်း လို့ မြင်သူတိုင်းငေးရတယ်ဆိုပဲ..... အဲဒီပန်းဥယျဉ်ရဲ့ဥယျာဉ်မှုးလေးက လည်း ငယ် ငယ်ချောချောလေးတဲ့...... ဒီလိုနဲ့ ရဲတိုက်မှာ
အဖော် (အပေါင်းအသင်းနော်) မရှိပဲနေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကိုငေးငေးကြည့်ေ
ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော... မြင်မြင်ချင်ကို ချစ်တယ်ဆို တာ အဲဒီကစတာပဲတဲ့
ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေကို ပဲပေးတာပေါ့ကွာ..... မင်းသမီးလေကလဲ ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့
တစ်ယောက်သံယောဇဉ်တွေပိုလာကြပါေ
အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့.... မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....
ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့
ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့
ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင် ဒီသစ်ပင်လေးဟာနေချင်းညချင်းကြီး
သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက် ကြာတဲ့အချိန်မှာပဲ ဘုံ ငါးဆင့်ကို ရောက်သတဲ့
ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း.... ဒီတော့သစ်ပင်လေးဟာထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့
မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့...... ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီါ်.....ဆု ထပ်တောင်း
စည်ပင်က ဓာတ်ကြိုးနဲ့မလွတ်လို့ဆိုပြီးလာ
ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်....
Thursday, May 6, 2010
သို့ ......စောကြီး သို. နှာဗူးလေး
မင်းဘယ်ရောက်ရောက် ငါတို. အမြဲတမ်း သတိရနေမှာပါ....ရန်ကုန်မြို.ကောင်းကင်မှာ မိုးများသည်းလို.လာပြီဆိုရင်...ဘာလိုလိုနဲ. တစ်နှစ်ပြည.်ပြီပဲ....မင်းဆိုနေကျသီချင်းနဲ. အာပေတူးဝိုင်းတော်သားအားလုံးကို သတိရနေပါကွာ... ငါတို.တွေက မင်းလို သက္ကရာဇ်တွေ ခဝါ မချနိုင်သေးဘူး...စကားပြောစက်ကိုယ်စီနဲ. container(အလုံး)တွေ ကျောပေါ်ထမ်းသူက ထမ်း၊ ကြိုးနဲ.ဆွဲသူကဆွဲလို. မင်းကို သတိရတိုင်း နောက်ဆို တင့်လွင်က (ဂ)ငယ်သွားနေတော့မှာကွ...ထွေထွေထူးထူးတော့ မှာစရာမရှိပါဘူး....အာပေတူးအားလုံးရဲ. ကိုယ်စား ဒီကဗျာတစ်ပုဒ်နဲ. မင်းကို အသက်သွင်းပေးလိုက်တယ်....အားဆေးတစ်ခွက်လိုပဲသောက်သောက်...ရေကြည်တစ်ပေါက်ထက် ပိုအေးမြစေတဲ့ သူငယ်ချင်းအားလုံးရဲ. ချစ်ခြင်းတွေကို စု....ကိုနိုင်ကို ထောင်ထားတဲ့ တိုင်ကြီးပေါ်မှာ အမှတ်တရ ဝရန်တာကြီးဆောက် april ၃၀ မှာ လိုက်မပို.ဖြစ်တဲ့သူ အားလုံးကလည်း အဲဒီအပေါ်ကနေ မင်းကို လက်ပြနေကြပါတယ်.မင်းရဲ. နှာဗူးဂိုဏ်းချုပ်ကြီးမင်းသားကြီးရောပေါ့....နုတ်ဆက်ပွဲများလို.မြန်မြန်ပြန်လို.ပြောတဲ့ တိုင်းမှူးကလည်း မျက်ရည်တွေ ဝိုင်းလို့..ထပ်မရနိုင်တော့ဘူး..channel ထဲမှာ သီချင်းဆိုခွင့်တွေ၊ ဝေဖန်ရေး နဲ. ဘောလုံးအကြောင်းလေကန်ရေးတွေ.....မင်းပြန်တွေးလို. သတိရတိုင်း လောကကြီးကို အော်ပြောလိုက်ကွာ...singaporeက သူငယ်ချင်း အားလုံး....တစ်နေ. ရန်ကုန်မှာ ပြန်ဆုံစည်းကြမယ်လို့....
ဘ ကုန်းက "ဘ"..ဝလုံးက "ဝ"....စလုံးက သူငယ်ချင်းတွေရဲ. ဘဝ ဆိုတာ အိမ်ပြန်ချိန် ကိုယ်စီကိုယ်စီ.....
စောင့်နေပါ ကိုစောကြီးရာ...ရှမ်းလေးရဲ. i-phoneနဲ. တွေ.အောင်ရှာပြီ လာခဲ့ပါမယ်
သူ.ဟာလေးနဲ. သူ...ကိုယ့်ဟာလေးနဲ. ကိုယ် ဆိုပေမယ့် ဖိုးကျော်ရ.....
ခယ်မတွေ ညီမတွေရဲ. ဖုန်းနံပါတ်နဲ.လိပ်စာ တပွေ့တပိုက်ယူပြန်ရတဲ့ စောကြီးက ပိုပျော်ရမယ် ထင်တယ် ....
ငါတို.တွေမှာတော့ တိုက်စစ်မှူးမရှိတော့ delta united နဲ. ဘဝ ဆိုတဲ့ပွဲကို စလုံးမှာ အဝေးကွင်းကစားရင်းနဲ့ပဲ......
တင်ထွန်းမောင် ခံစားသီဖွဲ.ရု ဖိုးကျော် ဖြည်.စွက် တည်းဖြတ်တင်ပြသည်.......
Sunday, April 25, 2010
"အိမ်"
" ရေတွင်းလေးလည်းပါတယ် ကြည်နေတာပဲ သားရေ ကောင်းလိုက်တာ "
" အိမ်အနောက်ဘက်ကိုတော့ မြေလေးနည်းနည်း ဖို့ရမယ် "
" ဘေးဘက်ခြံစည်းရိုးကိုတော့ နောက်မှပဲ အုတ်တံတိုင်းလေး ခတ်မယ်သားရေ အခုလောလောဆယ် ငွေပိုမကုန်တာ ကောင်းတယ်လေ "
" အဝီစိ တွင်း တတွင်းတော့ တူးမှဖြစ်မယ် ဒီမိသားစုနဲ့က ရေတွင်းရေဆို လောက်မယ် မထင်ဘူး "
" သားဖေဖေ သူငယ်ချင်းက အုတ်တွေ ပြန်ရောင်းဖို့ ရှိတယ်တဲ့ ဈေးသက်သာတယ် ဝယ်ထားနိင်ရင် ကောင်းမယ် နောက်ဆိုလည်း လိုလာမှာပဲလေ "
" မောင်လေးရေ ငါတို့ အိမ်အတွင်းနဲ့ အပြင်ကို ဆေးဘာအရောင်သုတ်ရမလဲ မောင်လေး ကြိုက်တဲ့ အရောင်သုတ်ပေးမယ် "
"ငကျော်ရေ အခုခြံထဲမှာ မချစ်စု သရက်ပင်လည်း ပါတယ်ဟ နင်ပြန်လာရင် ငါတို့တွေ ငံပြာရည်နဲ့ သရက်သီး တို့စားကြမယ်လေ"
ထိုရက်ပိုင်းတွင် ပြောဖြစ်သော စကားတိုင်းသည် အိမ်သစ်လေး အကြောင်းသာဖြစ်နေသည်။
အိမ်အရောင်းအဝယ်စာချုပ်မှာ သားနာမည်နဲ့ ချုပ်ပေးမယ်နော် ဆိုပြီး မေမေပြောတော့ ကျွန်တော် ငြင်းခဲ့သည်။
" မေမေတို့ နာမည်နဲ့ပဲ ချုပ်ပါ၊ ဒါက သားမေမေတို့ကို ဝယ်ပေးတာလေ သားမမက်ပါဘူးမေမေရ မိသားစုတွေ စုစုစည်းစည်းရှိနေရင် သားကျေနပ်ပါပြီ"
" ရေချိုးခန်း အိမ်သာကလည်း အကျယ်ကြီးပဲ ကလေးတွေက ရေချိုး ဇလုံကြီးကို သဘောတွေ ကျနေကြတယ်"
" မေမေ သားလေ မမှတ်မိဘူးလား အရင်ထက်တော့ ပိန်သွားတယ်မေမေရ သားသုံးနေကြ ရေမွှေးနံ့ကို မေမေ မှတ်မိလို့ ထွက်လာတာလား "
"ကဲပါ မေမေရယ် မငိုနဲ့တော့နော် ကျွန်တော်ပြန်ရောက်ပြီလေ၊ မနက်ဖြန် ထမင်းကြော်ရင် တယောက်စာ ပိုကြော်ပေးနော် ကျွန်တော် မေမေကြော်တဲ့ ထမင်းကြော်ကို စားချင်လှပြီ "
" အဲ ... မေမေ တခုခုပြောလေ သားကို မမှတ်မိလို့လား မေမေ့အချစ်ဆုံး သားဆို "
" အိုးးးးးးး "
ကျွန်တော် သဘောပေါက် သွားခဲ့ပြီ ။ ဆို့နစ်သောခံစားချက်ဖြင့် ဧည့်ခန်းကြမ်းပြင်တွင် ဒူးထောက်ကျသွားသည်။
" မပြောပါနဲ့ မေမေရယ် ကျွန်တော် ခဏလောက် နေပါရစေအုံး "
မျက်ရည်များစီးကျနေသော မေမေသည် ဆို့နစ်ကွဲရှသော အသံဖြင့် ကျွန်တော့်အတွက် စကားသံ ထွက်လာသည်။
" သားလေးရေ... အမျှ... အမျှ...... အမျှ "
မေမေရဲ့ အမျှဝေသံ အဆုံးတွင် ကျွန်တော့် ဝိညာဉ် ကမ္ဘာအပြင်ဘက်အထိ ဝေးလွင့်သွားရတော့သည်။ ဒီမိသားစုဖြင့်တော့ ဘယ်အခါမှ ပြန်ဆုံနိင်မည် မဟုတ်တော့ပေ။
Saturday, April 10, 2010
၃၇ မင်း နတ် တို.နဲ အင်တာဗျူးခြင်း
တနေ့သော နံနက် 10 နာရီလောက်မှာ ချစ်ကိုအိမ်ရှေ့ကို ၀တ်ဖြူစင်ကြယ်နဲ့အဘိုးအိုတဦးရောက်လာပါတယ်
လူလေးရယ် အဘကိုထမင်းတနပ်လောက်လှုပါကွယ် ချစ်ကို သဒ္ဒါကြည်ဖြူလှုလိုက်ပါတယ် အဘိုးက
ပြောတယ် လူလေး မင်းကိုအဘ ဘာကူညီရမလဲမင်းဘုရားတရားသံဃာကလွဲလို့ဘာမှမကိုးကွယ်တော့
အဘကူညီလို့ရပါတယ် ချစ်ကို စဉ်းစားပြီတော့ အဘရယ် ဖြစ်နိုင်ရင် ချစ်ကို နတ်ပြည်ကို ရောက်ဘူးချင်တယ်
ရမလား လူလေးအဘက အထက်နတ်ပြည် ကိုရောက်နိုင်တဲ့ တန်ခိုး မရှိ ပေမယ့် အပယ်ဘုံ သားဖြစ်တဲ့ နတ်တွေဆီကိုတော့ သွားလို့ရပါတယ် ။ မနက်ဖြန်မနက်စောစောအဘလိုက် ပို့မယ်။နောက်တနေ့ နံနက် အဘက ချစ်ကို
ကိုယ် မျက်စိခဏမှိတ်ထားပါ ဖွင့်ဆိုမှဖွင့်ပါတဲ့ ။ ခဏနေတော့ ဖွင့်လို့ရပါပီ
လူလေး။။။ဟင်
….ဒါလားနတ်ပြည်…ဟုတ်တယ်လူလေး ဒါက အပယ်ဘုံသားတွေနေတဲ့ ၃၇ မင်းနတ်ပြည်ဘဲကွယ့်။။ဟင်
သေချာကြည့်မိတော့မှ လူသားတွေနေတဲ့၇ွာကြီးတခုလိုပါဘဲ ။လူလေးရွာထဲဝင်ရအောင်။။အဘ ဒီလူတွေက
အားလုံးနတ်တွေဘဲလား ဟင်..အင်းပေါ့..လူလေးရဲ့…ဒါဆို ဟိုနတ်တွေက ရွာထဲမှာဘာဖြစ်လို့မနေဘဲရွာ
အပြင်မှာ ဆင်းဆင်းရဲရဲနေရတာလဲ..ဟင်…အဲ့ဒါကသေချာရီးကြည့်..၃၇..ယောက်ရှိတယ်..အိမ်မယ့်ယာမယ့်
အပြင်..၃၇..မင်းပေါ့..အော်..အထဲမှာ..၃၇ မင်းရှိသေးတယ်..ရွာတံခါးနားမှာ တင်းပုတ်ကြီးနဲ့စောင့်နေတာ
ဘယ်သူလဲဟင် အဘ အဲ့ဒါက ဦးညိုကြီးကွယ့် ..အော်..ဟိုမြို့ရိုးထိပ်မှာ..ဟိုဘက်က..ယောင်္ကျားတယောက်
ဒီဘက်ကမိန်းမတယောက်ကရော…အစောင့်တွေဘဲလားဟင်..ဒီဘက်ကစောင့်နေတာက ဗျက်ဝိလေ ဟို
ဘက်ကစောင့်နေတာက မအောင်ဖြူပေါ့..ဟင်..မအောင်ဖြူက..သနားစရာနော် အဘ ထဘီတောင်မရှိရှာ
ဘူး ဖျာလေးပတ်ထားတယ်နော်…အော်လူလေးကလဲ..နာကစ်တုန်း အ၀တ်တွေပေးတာ သူမှမမှီလိုက်တာ
အော်…အရင်ဒီနတ်တွေကတော်တော်ချမ်းသာတယ်ကွယ့်..နာကစ်လာတော့။လူတွေရောနတ်တွေရော
ဘ၀ပျက်ကုန်တာလေ။ဒီလိုပါဘဲ အဘရယ် ထိုင်းကနတ်တွေလဲ ဆူနာမီ ထိတာပါဘဲ …ဒီလိုမေးရင် ရွာထဲ
ဝင်ခဲ့တယ်..ဟာ..အဘရေ ဈေးကြီးတယ်စီပါလား ဗျ…အဲ့ဒါနတ်တွေရောင်းနေတာလားအဘ..မဟုတ်ဘူးဟ
လူ့ပြည်ကသူတို့ကိုယ်ကိုးကွယ်တဲ့သူတွေဟာ..သူတို့ကတာဝန်ကျေအောင်စောင့်ရှောက်ပေးနေတာလေ..
အော်..ပန်းဆိုင်ကြီးပန်းတွေစုံလိုက်တာ အဘရယ် အေးကွယ့်အဲ့ဆိုင်က မယ်ပုပ္ပားပန်းဆိုင်လေ ပန်းတွေက
စုံဆို..ကိုဗျတ္တကဖောက်သည်လာပို့နေတာကိုးကွ..အော်..ဟိုကအုန်းသီးဆိုင်ပေါ်မှာ စောင်ခြုံပြီးထိုင်နေတာ
ဘယ်သူလဲ အဘ ..အဲ့ဒါက အိမ်တွင်းလေသူကနေ့တိုင်းဘဲစောင်ခြုံထားရတယ် သူ့ကိုယ်ကိုးကွယ်တဲ့သူတွေ
က ယပ်ခက်ပြီး ချဲဂဏန်းခဏခဏတောင်းလို့ လေဖျက်မှာဆိုးလို့တဲ့လေ..အော်..ဟိုကြက်ဥသည်ကတစ်
ယောက်ထဲဘာတွေပြောနေတာလဲ အဘ သူက မနှဲလေး အသံသေးအသံညှောင်နဲ့ အတင်းပြောဆိုးလို့
ဟိုတနေ့ကဘဲ ငါးစိမ်းသည် အမေကြမ်း နဲ့ရန်ဖြစ်ထားတယ် ….ဟိုက်..ဘာဖြစ်တာလဲ ဟ အမလေးနော်
မိကြမ်းတို့ ဘယ်သွားလဲ ဟဲ့ ဒီမှာ ငါးတွေရောငပိတွေပါ ယင်နား ကုန်ပီ ပြောပြောဆိုဆိုနဲ့ မယ်ပုပ္ပားကအ
တင်းပြေးလာပြီး သူ့လက်ထဲက ဒေါင်းအမွှေးကြီးနဲ့ ယပ်ခတ်ပေးလိုက်တယ် .ဟဲ့ မိပုပ္ပား ရဲ့ ချုံတိုးနေလို့ပါဟဲ့
အော် ဒီလိုလဲ ကူညီရတာပါလား…ဟိုက် ဒီအသံက ဗီဘာဟိန်းရဲ့ ဒီဂျေနတ်ဒိုးသံပါလား ဘယ်ကပါလိမ့်
အဲ့ဒါဘယ်ကဖွင့်နေတာလဲ အဘ ရဲ့ ..ကိုကြီးကျော် အရက်ဆိုင်ကပါကွာ ကိုကြီးကျော် ကခုဆိုဒီဂျေနဲ့မှ
ကတော့တယ်ကွ..အော်..ဘေးဖယ်ဘေးဖယ် ဈေးဂေါင်းလာတယ်ဟေ့..မှတ်ထားလူလေး အဲ့ဒါက မြင်းဖြူရှင်
သူက ဒီဈေးထဲမှာ မူးရူးနေတဲ့သူတွေနဲ့ ရန်ဖြစ်တဲ့သူတွေကို မြင်းဆီးပြီး လိုက်စစ်တဲ့တာဝန်လေ မနေ့ကဘဲ
ငကျော် အရက်ဆိုင်မှာ ဖျင်းကြီးဖျင်းလေး တို့ ညီအကိုမူးပြီး ရန်ဖြစ်လို့ ထိပ်တုံးခတ်ထားတာသူပေါ့..အော်..
အဲ့ဒါကြောင့်မမြင်တာကိုး..ဒါဆိုရင် ဈေးလူကြီးက ဘယ်သူလဲ အဘ ရဲ့ အော်လူလေးကလဲ ကိုးမြို့ရှင်ပေါ့ဟ
အော်..ဒါနဲ့ ဦးရှင်ကြီး တယောက်မမြင်ပါလား လူလေးကလဲသူကဒီမှာတာဝန်မကျဘူးကွ သူကပင်လယ်ထဲ
မှာစစ်ဆေးရေးလေ သူက ကြီးပွားတယ် မန္တလေးမှာ ယဉ်ကျေးမှု့ စောင်းတီး သင်တန်းဖွင့်ထားတယ်ကွ…
အဘ..ကျွန်တော်နတ်တွေနဲ့ အင်ဗျူးတခုလောက်လုပ်ချင်ပါတယ် အဘကူညီနိုင်မလား ဟင်..ရပါတယ်
အဘ ခေါ်ပေးပါ့မယ်…ကဲအားလုံးစုံပီဆိုတော့ လူလေးမေးချင်တာမေးလို့ရပါပီ..ကျွန်တော် သိချင်တာက
တချို့လူတွေပေါ့နော် သင်တို့ကို တော်တော်ယုံကြည်ကြပါတယ် ကိုးကွယ်တာလဲ ရှိကြပါတယ် ဒီလိုပြုလုပ်
တာဟာ လူသားတွေနဲ့ သင်တို့နဲ့ ဘယ်သူက မြတ်ပါသလဲ သိချင်ပါတယ် …ဟင် သေနာလေး ချစ်ကို
နတ်ကိုတောင် အင်တာဗျူးချင်တဲ့ကောင် အားလုံးအစား မိကြမ်း ဖြေမယ်..
ဖြေ။ လူတွေမြတ်ပါတယ်…
မေး။ ဒါဆိုရင် သင်တို့ထက်မြတ်တဲ့ လူတွေကအဘယ့်ကြောင့်သူတို့ကိုယ်ကိုးကွယ်နေရပါသလဲ ပူဇော်နေရပါသလဲ ရှိခိုးနေရပါသလဲ။
ဖြေ။ အမလေးတော်ငါတို့ကိုကိုးကွယ်ပါပူဇော်ပါဆည်းကပ်ပါလို့မပြောခဲ့ပါဘူး ငါတို့သည်အတိတ်ကံကြောင့်
အယူတိမ်း၍နတ်စိမ်းဖြစ်ခဲ့ရသည်မှန်ပါသည် တို့ကြောင့် ငါတို့သည် ကိုယ့်မြို့ကိုယ့်ရွာအတွင်းရှိ မိသားစုတွေ
ကိုတတ်နိုင်သလောက် ကူညီဆောင်မပါသည် ဒါကြောင့် အကူညီခံရသည့် မိသားစုတွေမှ ငါတို့အား တန်ပြန်
သောမေတ္တာဖြင့် နေစရာမရှိသည့်ငါတို့အား အိမ်ရှေ့၌ နတ်ကွန်းအိမ်ဖြင့်နေစရာပေးခြင်း ကျွေးမွေးခြင်းတို့ကို
တို့ကိုပြုလုပ်ပေးပါသည် သင်တို့၏ ဘိုး ဘွား ဘီဘင်တွေကလဲ ငါတို့အားကိုးကွယ်ပါတယ်ဆည်းကပ်ပါတယ်
ရှိခိုးပူဇော်ပါသည်ဟူ၍မပြောခဲ့ခြေ ကျေးဇူးဆပ်သည်အနေဖြင့်သူတို့အဆင်ပြေသလို ကျွေးမွေးခြင်းသာဖြစ်
ပါတယ် ငါတို့သည် ဘုရားတရားသံဃာ ယုံကြည်သောသူများကို စိတ်နဲ့တောင်ပြစ်မှား၍မရပါ ။
မေး။ ဒါဆိုရင် သင်တို့ကို ရှိခိုးကန်တော့နေတဲ့ လူတွေဟာ ဘယ်လိုလူမျိုးတွေလဲ ရတနာ သုံးပါးကိုလဲ
ကိုးကွယ်ပါလျှက်နဲ့ သူတို့ကိုလဲ ရှိခိုးကန်တော့ တယ် ဒီလူတွေ ကန်တော့တာသင်တို့နဲ့ထိုက်တန်ပါသလား။
ဖြေ။ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်တဲ့သူတွေဟာငါတို့ကိုဘုမသိဘမသိကန်တော့လိုက်တဲ့အခါမှာ
ငါတို့တွေဟာမနေနိုင်အောင်ခံစားရပါတယ်..သို့ပေမယ့် ငါတို့ကို ကိုးကွယ်ပါ၏အသက်နဲ့ခန္ဒာလှုပါ၏စောင့်
ရှောက်တော်မူလှည့်ပါဆိုသူတို့ကို ငါတို့ပိုင်၏ကန်တော့ခံထိုက်၏ဤသူတို့ကိုငါတို့ပြုချင်သလိုပြုနိုင်ပါတယ်။
မေး။ လောက၌ဘုရားရှင်သည်အတုမရှိမုနိစိန္ဒေအားကိုးရာမှန်ဖြစ်ပါလျှက်နဲ့ သင်တို့ကို အားကိုးသူတွေမှာ
ဘယ်လိုစိတ်ထားမျိုးရှိတဲ့လူတွေပါလဲ။
ဖြေ။ သင်တို့၏ ဘိုးဘွားတွေသည် တချိန်က ရတနာသုံးပါးအားယုံကြည်ကိုးကွယ်သူများဖြစ်ပါတယ် ဤသူတို့
ကို ငါတို့သည်စီးပွားလဒ်လာဘပေါများအောင်စောင့်ရှောင့်ပေးပါသည် ဒါကိုသင်တို့ အမြင်မှား၍ ငါတို့ကိုကိုး
ကွယ်တာစီးပွားဖြစ်တယ်ဆိုတဲ့လောဘ၀င်လာပြီး ရှိခိုးလာတယ် ရတနာသုံးပါးကိုမေ့ပြီး ကိုးကွယ်လာတယ်
အသက်နဲ့ခန္ဒာတွေအပ်နှင်းလာတယ် ဘယ်လိုအဆင်ပြေရင်ဘယ်လိုပူဇော်ပသပါ့မယ်ဆိုတဲ့ ဂတိတွေပေးလာပါ
တယ် ဤကဲ့သို့ပြောလာသော အိမ်တို့တွင်ငါတို့မနေတော့ပေ အဘယ့်ကြောင့်ဆိုသော် ငါတို့ကိုအသက်နဲ့ခန္ဒာ
အပ်နှင်းသောသူတို့တွင် ငါးပါးကုန်သော သီလတို့သည် မရှိတော့ လောဘဒေါသမောဟ စိတ်ဝင်သွားတဲ့ဤ
အိမ်သည် ပူလှပေသည် ငါတို့ ကြားနာခြင်သော တရားတို့သည်မကြားရတော့ပေ ပို့သသောမေတ္တာ
ငါတို့မကြားရတောပေဤသူတို့သည်ငါတို့ထက်ပင်ကံနိမ့်တာကြောင့် ငါတို့မကြေနပ်ပါက ပြုချင်သလိုပြုနိုင်ပါ
တယ် ဤသူတို့စိတ်ထဲ၌လိုချင်တဲ့လောဘတခုထဲ ကြောင့် ငါတို့ကို ကိုးကွယ်တာဖြစ်ပါတယ်။
မေး။ လူတွေဟာ ရိုးရာကိုင်မှာကြောက်ကြပါတယ် အိမ်တအိမ်မှာနေမကောင်းတာတို့စီပွားရေးအဆင်မပြေ
တာတို့ဖြစ်လာပါက ရိုးရာမလုပ်လို့ ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ လူသားတို့သည် ငါတို့ထက် အယူပိုတိမ်းတဲ့ လူစိမ်းတွေပေါ့ ဘယ်လိုအဆင်ပြေရင်ဘယ်လိုပူဇော်ပသ
ပါ့မယ်ဆိုတဲ့ ဂတိတွေပေးထားသူတွေကိုသာကိုင်လို့ရတာပါ တချို့က နှာစေးတာတောင်ငါတို့ကိုင်တယ်ထင်
ကြပါတယ် တကယ်လို့ မိဘတွေက ရိုးရာကို ကိုးကွယ်တယ်ဆိုပေမယ့် သင်လို့လူငယ်တွေက ရတနာသုံးပါး
ကို သေတဲ့အထိတကယ်ကိုးကွယ်ဆည်းကပ်နေပါက ငါတို့ကိုင်လို့မရပေ သင်တို့စိတ်ထဲမှာလဲ မိဘရိုးရာကို
တာဝန်အရ ပြုလုပ်ပေးခြင်တယ်ဆိုရင် မကိုးကွယ်ပါနဲ့ မဆည်းကပ်ပါနဲ့ မရှိခိုးပါနဲ့ မေတ္တာစိတ်ကလေးနဲ့
ကျွေးပါမွေးပါ သုံးပါးရတနာကိုးကွယ်နေတဲ့သင်တို့ကို ငါတို့ကစီးပွားလဒ်လာဘပေါများအောင် စောင့်ရှောက်
ပေးမှာပါ သင်တို့ကလဲ နှာစေးတာ တောင်ငါတို့ကိုင်တယ်မထင်ဖို့လိုပါတယ်။
မေး။ တချို့လူတွေမှာ ပြုစားခံရခြင်း အဖမ်းစားခံရချင်း တို့ဖြစ်ကျပါတယ် ဒါကရော သင်တို့လက်ချက်ဘဲလား
ဖြေ။ ဟဲ့ ငချစ်ကို နင်စွပ်ဆွဲတာလွန်လာပြီနော် ငါတို့က ဖမ်းစားပြုစားရအောင် ငတ်နေတယ်ထင်နေလား
အိမ်တိုင်းမှာငါတို့ကို ပူဇော်ပသထားတဲ့ လောဘသားလူတွေအများကြီးဘဲ ကောင်းတဲ့အိမ်မှာစားလို့ရ
တယ် မကြိုက်ရင် ကိုင်လို့ရတယ် ငါတို့မ၀င်ဘဲနဲ့ ၀င်တယ်ဆိုပြီးပြောတဲ့ အိမ်တွေမှာလဲ စားလို့ရတယ်
မှတ်ထား လူတွေက လောဘနဲ့ဆို သူတို့သာစားဖို့မရှိ ငါတို့အတွက် အရက်နဲ့ ကြက်နဲ့ ရှယ်တင်ထားတာ
နင်မမြင်ဘူးလား ဟဲ့ ငချစ်ကိုရဲ့ …အဲ့လိုဖမ်းစားပြုစားတာတွေက ငတ်နေတဲ့ စုန်း နတ်ဆိုး ကဝေတစ္စေ
မျှင်စာဆိုတဲ့ကောင်တွေလုပ်တာ ဟ သိချင်ရင် နင့်အဘတွေကိုသွားမေး ငချစ်ကို….
ကဲအဘရေ ဒီနေ့တော့ အချိန်မရှိတော့ဘူး နံနက်ဖြန် အဲ့ကိုသွားချင်တယ် ပို့ပေးမလား တယောက်ထဲတော့
သွားမရဲဘူ အဘနဲ့မှနော် အေးပါ လူလေးရယ် ထမင်းတနပ် ၇ ရက်တဲ့ လူလေးရဲ့ အဘက တနပ်စားထားရင်
တနှစ်ခံတယ် ဆိုတော့ လူလေးကို ကူညီရမှာပေါ့..ဟာ..ချစ်ကို လဲအဲ့လို တနှစ်စာခံချင်တယ်….ကဲကဲ..လူလေး
ခံချင်ရင်နောက်မှခံ ပြန်စို့ မနက်စောစော အဘ လာခေါ်မယ် …ဟိုမှာ မင်းအိမ်ရောက်ပြီ….ဟင်…ဟိုက်..
ဘယ်လိုရောက်လာတာပါလိမ့်…ဒါနဲ့ချစ်ကိုလဲ အိမ်ထဲဝင်ပြီး နတ်တွေနဲ့အင်တာဗျူးခဲ့တာရေးဖို့ကွန်ပြူတာ
ခုံပေါ်ကိုထိုင်လိုက်တယ်ဆိုရင်ဘဲ….ဟင်…စာတစောင်..ဘယ်ကပါလိမ့်..ဖတ်ဦးမှ………..
……………………………………………………………………………………………….
ဟေ့ကောင်ချစ်ကို မင်းက တို့မရှိခင် ရွာထဲကိုလာပြီးငါတို့အမေတွေကို
အင်တာဗျူးသွားတယ်ဆို မင်းကဘယ်လောက်စွမ်းလို့လဲ ကွ
မင်းက ငါတို့ အကြောင်းမသိဘူးလား မင်းထမင်းဝအောင်စားထား
ကံငါးပါးကျိုးလို့ကတော့ မင်းကို ငါတို့ ကိုင်ပြီသာမှတ်
ပုံ……..ဖျင်းကြီး…ဖျင်းလေး
……………………………………………………………………………………………
အင်းဒီကောင်နှစ်ကောင်ငါ့ကိုတေးထားပီ ကံငါးပါးစလုံးငါမလုံ
ပေမယ့် ငါ့ရဲ့လုပ်နေကျ
ဇီဝိတ ပရိယံတံ ဗုဒ္ဓံသရဏံဂစ္ဆာမိ………ကျွန်နုပ်၏အသက်အားဘုရားကိုလှုပါ၏
ဇီဝိတ ပရိယံတံဓမ္မံသရဏံဂစ္ဆာမိ……….ကျွန်နုပ်၏အသက်အားတရားကိုလှုပါ၏
ဇီဝိတ ပရိယံတံသံဃံသရဏံဂစ္ဆာမိ……ကျွန်နုပ်၏အသက်အားသံဃာကိုလှုပါ၏
ဆိုပြီးဘုရာလှုရမယ် ရှိခိုးရမယ်ဒါဆိုငါ့
ခန္ဒာကိုဘယ်သူမှမပိုင်တော့ဘူး
သူတို့ကိုလှုလိုက်ရင်ကျားကိုကြောက်လို့ခန္ဒာကိုရှင်ကြီးကိုအပ်ပါတယ်
ဆိုမှကျားလာတော့ဟေ့ရှင်ကြီးငါလူသာစားချင်တယ် ငါဘယ်သူ့ကို
စားရမလဲပြောဟိုဘက်က ငချစ်ကိုကတော့ ဘုရားလှုထားတယ်
ဟိုဘက်က နတ်ကတော် ကတော့ငါ့လှုထားတယ်နတ်ကတော်ကို
ငါပိုင်တယ် မင်းစားလိုက် ဒီလိုဆိုရင် ဟိဟိ ငါလွတ်တယ်…
ပြီးတာနဲ့ ဘောင်းဘီ ၃ ထပ်ဝတ်ပြီးအိပ်မှဘဲ သူတို့က ဘယ်ကိုကိုင်မှာလဲမသိဘူး………
Wednesday, March 24, 2010
ဗုဒ္ဒဘာသာဝင်များ ရဲ ဩကာသ ကန်တော့ကျိုး အဓိပ္ပါယ်
ကန်တော့ရသော အကျိုးအား ကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏အရှင် ဘုရား။
အနက် ။ ။သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃)ကြိမ်။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါးသော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌ လည်းကောင်း၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌လည်း ကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊နှစ်ကြိမ် ၊ သုံးကြိမ်မြောက်အောင်-ပထမက ဒုတိယ၊ ဒုတိယ က တတိယ၊ တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင်၊ ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကိုအရိုအသေ အလေး အမြတ် လက်အုပ်မိုး၍- နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊ အလေး အမြတ်ပြုအပ်သော ၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံ ရှိသူတို့သာ တွေ့ကြုံခွင့် ရနိုင်သော “ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊သံဃာအမြတ်ဆုံး ရတနာ”ဟု ဆိုအပ်သော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ် နိုး လက်အုပ်မိုး၍၊ ရှိခိုးပူဇော် ဖူးမြော်မာန်လျောကန်တော့ပါ၏အရှင်ဘုရား- ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ ၏အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့်- ဤကန်တော့ရသော ကုသိုလ်အကျိုးအား အစွမ်းကြောင့်၊ အပါယ်လေးပါး- (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေ ကြေ ပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသောသိဉ္စိုးငရဲ၊ (ခ) ငရဲသားတို့ကို ငရဲထိန်း တို့က သားကောင်ကို ခွေးတွေလိုက်သလိုအတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်ကာဠသုတ်ငရဲ၊ (ဂ) အောက်မြေအပြင်မှာ မီးလျံတွေ ထလျှက် အထု (၉) ယူဇနာရှိသောသံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာထန်းပင် ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်း မြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီးတောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွား ပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီး ကလည်းအရှေ့ အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှ သံတောင် တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသောသံဃာတငရဲ ၊ (ဃ) မီးတောက်တို့သည် တ၀ုန်းဝုန့်း ထလျက်ငရဲသို့ကျရောက်သူတို့၏ ဒွါရ(၉)ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာတစာစာ အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့်မီးတောက်မီးလျှံ အလောင်ခံနေ ကြရသောရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံးလွှမ်းနေပြီး ငရဲသို့ကျရောက် သူတို့ကို မီးခိုးတို့က အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောမဟာရောရုဝငရဲ၊ (စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထနေသည့်သံတံကျင်၌ မလှုပ်နိုင်အောင် စိုက် ထား ပြီးလျှင်ထိ သံတံမှထွက်သောမီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ၊(ဆ)မီးလျှံထနေသောသံတောင်ကြီးနှင့် ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင် တွေစိုက်ထူထားပြီးငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင် ပေါ်သို့ မတက်တက်အောင်ရိုက်နှက်၍ တင်ကြပြီးသံတောင်ပေါ်သို့ ရောက်သော အခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင် ခြေ၌ ရှိသောတံကျင်ပေါ်ရောက်အောင်တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောမဟာတာပနငရဲ၊(ဇ) မီးတောက်မီးလျှံများအကြား မရှိပဲ တစ်ငရဲလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်း မုန်ညှင်းစေ့ကလေးတွေပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ် နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း ဒုက္ခ ဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ဘင်ပုပ်ငရဲ၊ ပြာပူငရဲ ၊ လက်ပံတော ငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ “သံရည်မြစ်ငရဲ” တို့က တံတိုင်းခတ် သကဲ့သို့ ရံပတ်၍နေသောငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ကြက်၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေး ချောင်း၊ အခြေနှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေ စသောအခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့်တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ၊ သရဲ သဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ်အရပ်၌ ကျရောက် ရခြင်းလည်းကောင်း၊ ကပ်သုံးပါး- (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း(သတ္တန္တရကပ် ) ၊(၂) ပလိပ်ရောဂါ ၊ ကာလရောဂါ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့် မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်)၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း (ဒုဗ္ဘိက္ကန္တရကပ် )တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း၊ ရပ်ပြစ်ရှစ်ပါး- မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသ များဖြစ်ကြသည့် (၁၊၂၊၃)ဘုရား ပွင့်နေဆဲအခါငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာစသော အပါယ်အရပ်(အသူတကယ်ကို ပြိတ္တာ မျိုး၌ယူ)၊ (၄) ဘုရားရှင်ပွင့်ဆဲဘုရားရှင်ကို မဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာ သောခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့်စိတ် ၀ိ ညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ် တို့အရပ်၊ (၅)အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ် အရပ် ၊(၆) ဘုရား ပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိ နားလည်လောက် သောဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း၊ ရန်သူမျိုးငါးပါး- (၁) ရေ၊(၂) မီး၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း၊ ၀ိပတ္တတရား လေးပါး- ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁)မင်းဆိုးမင်း ယုတ် အုပ်စိုးသောအခါ ဖြစ်သည့်ကာလ၀ိပတ္တိ ၊(၂)အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ဂတိဝိပတ္တိ၊(၃) ရုပ်အဆင်းအင်္ဂါချို့တဲ့ ခြင်း စတဲ့ ဥပဓိဝိပတ္တိ၊ (၄)အသိအလိမ္မာဥာဏ်ပညာသတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို၊ကြံစည် မူပယောဂ၀ိပတ္တိစသည့်မကောင်းသောအဖြစ်ဆိုးတို့နှင့်လည်းကောင်း၊ ဗျဿန တရားငါးပါးတို့မှ- (၁) ဆွေမျိုးပျက်စီးခြင်း - ဥာတိဗျဿန၊(၂)စည်းစိမ်ဥစ္စာပျက်စီး ခြင်းဘောဂဗျဿန၊(၃)အနာရောဂါဖြစ်ခြင်းရောဂဗျဿန၊(၄)မှားယွင်းသောမိစ္ဆာအယူကိုယူခြင်းဒိဋ္ဌိဗျဿန၊ (၅)သီလပျက်ခြင်းသီလဗျဿန စသောပျက်စီးခြင်းတို့ နှင့်ကြုံတွေ့ရခြင်းစူသော၊ အခါခပ်သိမ်းကင်း လွတ်ငြိမ်း သည်ဖြစ်၍- ဤမကောင်း သောတရားတို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍၊ မဂ်တရား- သောတာ ပတ္တိမဂ်၊ သကဒါဂါမိမဂ်၊အနာဂါမိမဂ်၊အရဟတ္တမဂ်၊ ဖိုလ်တရား- သောတာပတ္တိ ဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊အရဟတ္တဖိုလ်၊ နိဗ္ဗာန်ချမ်းသာ- ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ၊ သေခြင်းသဘောလည်းမရှိရာ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့်နိဗ္ဗာန်စသော၊ တရားတော်မြတ်ကိုရပါလို၏ အရှင် ဘုရား- တရားတော်မြတ်တို့ကိုသံသရာ၌ ကြာရှည်စွာမကျင်လည်ရတော့ပဲ အမြန်ဆုံးရရပါလို၏ အရှင်ဘုရား။
ဒုတိယအပိုဒ်တွင် ဆုတောင်းများပါရှိပါသည်။ထိုသို့ဆုတောင်းနေရုံတစ်ခုတည်းဖြင့် ကောင်းကျိုးတရားတို့သည် အလိုလိုရရှိခြင်းသည်လည်းကောင်း၊ ဆိုးကျိုးတို့ လွဲသွေရခြင်းလည်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ပါပေ။ မိမိ၏ ကိုယ်ကျင့် သီလတို့ကို အပျက်မခံဘဲ “တရားအားထုတ်၊ ကုသိုလ်လုပ်၊ အဟုတ်မပျင်းနှင့်” ဆိုသည့်အတိုင်း ဆုတောင်းနေရုံတင်မဟုတ်ဘဲ လက်တွေ့ကျင့်ကြံသွားမှသာလျှင် မိမိတို့အလိုရှိသော ကောင်းကျိုးတရားတို့သည် ထပ်ချပ်မကွာ ရောက်ရှိလာပေ မည်။
စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တရားဘာဝနာ၌ မွေ့လျော်နိုင်ကြပါစေ။
Tuesday, March 23, 2010
ညီအကိုတို.ကို ချစ်သူက အရမ်းချစ်စေချင်ပါသလား...?
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၎- ပျော်အောင်ထားပါ။( ဟာသများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင် ကလိထိုး၍ရယ်ခိုင်းပါ)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင် မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊ မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ ဖြစ်နေရမည်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊ ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( အခြားသူများက သူမအား ငပေါဟု မြင်လာ၍ သူမအားထောက်ခံသောသင့်အား တပည့် 
မွေး ပါလိမ့် မယ်)။
၁၁-သူမ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့ တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။


